
ဆောင်းပါးကွင်းလယ်ဗိုလ်ချုပ်(သို့မဟုတ်) 'ဗိသုကာပညာရှင်' - အန်ဒရီယာ ပီယာလို
ဘောလုံးကွင်းထဲမှာ ကစားသမားတိုင်းဟာ အပြေးအလွှား၊ အားအင်တွေနဲ့ ယှဉ်ပြိုင်နေကြချိန်မှာ ဘောလုံးကို ညင်"သာ" လှုပ်ရှားနေရင်း ပွဲရဲ့ အရှိန်အဟုန် (Tempo) ကို လိုသလို ထိန်းချုပ်နိုင်သူတစ်ဦး ရှိခဲ့ပါတယ်။ သူဟာ ဘောလုံးကို ဦးနှောက်နဲ့ ကစားပြီး မြက်ခင်းစိမ်းပေါ်မှာ အနုပညာဖန်တီးသူ တစ်ဦးလိုပဲ သတ်မှတ်ခံခဲ့ရသူပါ။ သူကတော့ အီတလီ ဂန္ထဝင်ကွင်းလယ်လူ အန်ဒရီယာ ပီယာလို (Andrea Pirlo) ပဲ ဖြစ်ပါတယ်။
'ဗိသုကာပညာရှင်' (The Architect) တစ်ဦး
ပီယာလိုဟာ သူ့ရဲ့ ထူးခြားတဲ့ ကစားဟန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ နည်းစနစ်ကျ ကစားပုံတွေကြောင့် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူများထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူ့ကို ပရိသတ်တွေက 'ဗိသုကာပညာရှင်' (The Architect)လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလို နာမည်ရတာဟာ ကွင်းထဲက ကစားကွက်ကြီးကို သူက စိတ်ကြိုက်ပုံဖော်တယ်၊ ဒီဇိုင်းဆွဲပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အချိန်ကိုက် ဖြည့်တင်းပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
Regista - ကွင်းလယ်ရဲ့ ဒါရိုက်တာ
ပီယာလိုရဲ့ ကစားဟန်ဟာ အခြားသော ကွင်းလယ်လူတွေနဲ့မတူဘဲ ထူးခြားပါတယ်။ သူဟာ အသင်းရဲ့ ကစားကွက်ကို နောက်တန်းနဲ့ ကွင်းလယ်ကြား၊အဓိကနေရာကနေ စတင်ဖန်တီးလေ့ရှိပါတယ်။ ဒီအခန်းကဏ္ဍကို အီတလီလို "Regista" (ဒါရိုက်တာ) လို့ခေါ်ပြီး၊ 'Deep-Lying Playmaker' အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပီယာလိုဟာ ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
သူဟာ ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးလိုပဲ...
ကွင်းလယ်ကနေ တစ်ဖက်အသင်းရဲ့ ခံစစ်ကို ကျော်လွန်ပြီး မီတာ ၅၀၊ ၆၀ အကွာအဝေးထိ ရှိတဲ့ Long Pass တွေကို တိကျစွာ ပေးပို့နိုင်စွမ်း ရှိပါတယ်။ ဒီလို ပေးပို့မှုတွေကြောင့် အသင်းရဲ့ တိုက်စစ်မှူးတွေဟာ အခွင့်အရေး အများအပြား ရရှိခဲ့ပြီး အလွယ်တကူ ဂိုးသွင်းယူနိုင်ခဲ့ကြပါတယ်။
ပီယာလိုဟာ ကွင်းထဲမှာ တခြားသူတွေလို လျင်မြန်စွာ မလှုပ်ရှားပေမယ့်၊ သူ့ရဲ့ ဦးနှောက် နဲ့ ကစားကွက်ကို အနုပညာဆန်ဆန် လွှမ်းမိုးသွားတာဟာ ကြည့်ရသူ ပရိသတ်တွေအတွက် အမြဲတမ်း ကြည်နူးစရာ မြင်ကွင်းဖြစ်ခဲ့ပါတယ်။
သမိုင်းဝင် အောင်မြင်မှုမှတ်တမ်းများ
ပီယာလိုရဲ့ ဘောလုံးသမားဘဝ အောင်မြင်မှုတွေကလည်း လေးစားစရာပါ။ ၁၉၉၅ ခုနှစ်တွင် ဘရက်ရှား အသင်းမှ စတင်ခဲ့ပြီး၊ အင်တာမီလန် သို့ ပြောင်းရွှေ့ခဲ့သော်လည်း အင်တာမှာ နေရာမရခဲ့ပါဘူး။
၂၀၀၁ ခုနှစ်မှာတော့ အေစီမီလန်ကို ရောက်ရှိခဲ့ပြီး (၁၀) နှစ်ကြာ ကစားခဲ့ရာမှာ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် အပါအဝင် ဆုဖလားများစွာ ရယူခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ ပြိုင်ဘက်ကလပ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ပြီးနောက် စီးရီးအေဖလားကို လေးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ဆက်တိုက်ယူဆောင်ပေးခဲ့ပါတယ်။
အီတလီလက်ရွေးစင်အသင်းရဲ့ အဓိက ကွင်းလယ်လူအဖြစ်လည်း ပါဝင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဖရီးကစ်နှင့် Knuckleball ရဲ့ အရှင်သခင်
ပီယာလိုဟာ ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးအဖြစ်သာမက ဖရီးကစ် ကန်သွင်းမှု့ တွေမှာလည်း အလွန်ထူးချွန်သူပါ။ သူ့ရဲ့ ဖရီးကစ် ကန်သွင်းဟန်ဟာ လှပပြီး ထူးခြားတဲ့ 'Knuckleball' လို့ခေါ်တဲ့ ဘောလုံးကွေ့ကောက်သွားတဲ့ ကန်သွင်းပုံစံကို အသုံးပြုလေ့ရှိပါတယ်။ ဒီလို ကန်သွင်းမှုတွေကြောင့် ဂိုးသမားတွေ ခန့်မှန်းရခက်ပြီး၊ အဝေးကနေ ဂိုးသွင်းယူနိုင်စွမ်း ဟာလည်း အံ့မခန်းစရာပါပဲ။
ပီယာလိုရဲ့ ကစားဟန်ဟာ ခေတ်သစ်ဘောလုံးလောကမှာ တဖြည်းဖြည်း ပျောက်ကွယ်နေတဲ့ စတိုင်မျိုးပါ။ သူဟာ ဘောလုံးကို ရုပ်ပိုင်းဆိုင်ရာ အားအင်ထက် ဦးနှောက်ဉာဏ်နဲ့ အနုပညာဆန်ဆန် ကစားပြခဲ့သူပါ။ ဒါကြောင့်လည်း ဘောလုံးပရိသတ်တွေဟာ ကွင်းလယ်ဗိုလ်ချုပ်ကြီး ပီယာလိုရဲ့ ခြေလှမ်းတွေကို အမြဲတမ်း သတိရနေကြမှာပဲဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၂၅၊ မနက် ၈ နာရီ ၁ မိနစ်