အာရှသားလေး ဆွန်ဟောင်မင် (Son Heung-min) ကတော့ ပရီးမီးယားလိဂ်ကနေ မေဂျာလိဂ် (LAFC) ကို ရောက်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ မေဂျာလိဂ်ကို လွှမ်းမိုးနေပါတယ်။ ဒီနေ့မနက်က ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဆွန်ဟောင်မင်ဟာ LAFC အသင်းအတွက် အနိုင် (၂) ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး၊ သူ့ရဲ့ ထိပ်တန်းခြေစွမ်းကို ထပ်မံ သက်သေပြခဲ့ပါတယ်။ ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့- ဆွန်ဟောင်မင်ဟာ LAFC အသင်းအတွက် စုစုပေါင်း ၈ ပွဲသာ ကစားရသေးပေမယ့် ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး တစ်ပွဲတစ်ဂိုးနှုန်းနဲ့ စွမ်းဆောင်ရည်ပြသနေပါတယ်။ ဆွန်ဟောင်မင်ရဲ့ ရောက်ရှိလာမှုနဲ့ ပုံစံကောင်းတွေကြောင့် LAFC အသင်းရဲ့ တိုက်စစ်ဟာ သိသိသာသာ အားကောင်းလာခဲ့ပါတယ်။LAFC အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲအတွင်းမှာ ဂိုးပေါင်း ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။ အသင်းဖော် တိုက်စစ်မှူး ဒင်းနစ် ဘူအမ်ဂါ (Denis Bouanga) ဟာလည်း ဆွန်ရဲ့ ဖန်တီးမှုတွေနဲ့အတူ ဂိုးသွင်းနှုန်း မြင့်မားလာခဲ့ပြီး၊ လက်ရှိ မေဂျာလိဂ် ဂိုးသွင်းရှင်စာရင်းမှာ စုစုပေါင်း ၂၃ ဂိုးနဲ့ မက်ဆီရဲ့ နောက်၊ ဒုတိယအများဆုံး နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ကိုယ်တိုင်ဂိုးသွင်းနိုင်စွမ်းနဲ့ ဖန်တီးပေးနိုင်မှုတွေဟာ LAFC အသင်းကို မေဂျာလိဒ်မှာ ၂ပွဲလျော့ အနေထားနဲ့တောင် ထိပ်ဆုံးထိရောက်အောင် တွန်းပို့နေတဲ့ အဓိကမောင်းနှင်အားတစ်ခု ဖြစ်ပါတယ်။