မန်ချက်စတာ စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်း(Erling Haaland)ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လာမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အချိန်မီ ပြန်လည်သက်သာဖို ကြိုးစားနေရပါတယ်။ ဟာလန်းဟာ အီမီရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ပွဲချိန် ၇၆ မိနစ်မှာ ကျောဘက်က နာကျင်မှု ခံစားရလို လူစားလဲခဲ့ရပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ အသင်းဟာ “ပင်ပန်းလွန်းတဲ့ တစ်ပတ်” ကို ဖြတ်သန်းခဲ့ရတာကြောင့် ဒီကနေ့ညမှာ ကစားမယ့် ဟက်ဒါဖီးလ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဟာလန်းကို အနားပေးဖွယ်ရှိပါတယ်။ ဒါပေမဲ့ နည်းပြက စနေနေ့မှာ အီတီဟတ်ကွင်းကို လာရောက်မယ့် ဘန်လေနဲ့ပွဲအတွက် ဟာလန်း အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို မျှော်လင့်နေပါတယ်။ ဂွါဒီယိုလာက “သူ (ဟာလန်း) မနေ့က အနားယူခဲ့တယ်။ လေ့ကျင့်ရေး မဆင်းခဲ့ဘူး။ ဒီနေ့တော့ သူ့ကိုရော ကျန်တဲ့ ကစားသမားတွေကိုပါ မတွေ့ရသေးပါဘူး။ စနေနေ့ပွဲအတွက် အဆင်ပြေလိမ့်မယ်လို မျှော်လင့်ပါတယ်။ ဒီလို တောင်းဆိုမှုများတဲ့ တစ်ပတ်မှာ ကစားသမားတွေ ပြဿနာရှိတတ်ပါတယ်။ စနေနေ့ပွဲအတွက်တော့ အဆင်ပြေမယ်လို ကျွန်တော် ထင်ပါတယ်၊ မျှော်လင့်ပါတယ်” လို ပြောကြားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၈ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအတွက် လာမယ့် နိုင်ငံတကာပွဲတွေမတိုင်ခင် ဟက်ဒါဖီးလ်၊ ဘန်လေ၊ မိုနာကို (ချန်ပီယံလိဂ်) နဲ့ ဘရန့်ဖိုဒ်တိုနဲ့ပွဲစဉ်တွေ ဆက်တိုက်ရှိနေပါတယ်။ မန်စီးတီးမှာ မာတီယို ကိုဗာချစ်၊ ရာယန် အိုက်နူရီနဲ့ အိုမာ မာမူရှ်တို ဒဏ်ရာရနေပြီး အောက်တိုဘာလမှာ ပြန်လာဖို မျှော်မှန်းထားပါတယ်။ ရာယန် ချာကီကတော့ ပေါင်ခြံဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိပါတယ်။ ကယ်ဗင် ဖီးလစ်ပ်စ်လည်း ဒဏ်ရာကနေ ပြန်လာပြီး အသင်းမှာ နေရာပြန်ရဖို ကြိုးစားနေပါတယ်။ ဂွါဒီယိုလာဟာ ကာရာဘောင်းဖလားပွဲစဉ်မှာ အရန်ကစားသမားတေွနဲ့ ပွဲထုတ်လာဖိုရှိပြီး “ဘန်လေ၊ မိုနာကိုနဲ့ ဘရန့်ဖိုဒ်ပွဲတွေကို ဦးစားပေးရမှာဖြစ်လို ဒဏ်ရာကင်းအောင် ကစားသမားအလှည့်ကျစနစ် (Rotation) ကို သေချာပေါက် သုံးသွားမှာပါ” လို အတည်ပြုပြောကြားခဲ့ပါတယ်။