
LAFC (Los Angeles Football Club) အသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် (Heung-min Son)ကတော့ သူ့အနေနဲ့ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဥရောပ ကလပ်အသင်းတစ်သင်းကို အငှားနဲ့ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း ကိုယ်တိုင်အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ LAFC အသင်းအပေါ် အလွန်လေးစားမှု့ရှိကြောင်းနှင့် အသင်းကနေ ထွက်ခွာမည့်အစီအစဉ်မရှိကြောင်း ယခုလို ပြတ်ပြတ်သားသားပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်ဟာ ဒီဆောင်းရာသီမှာ LAFC ကို စွန့်ခွာမှာ မဟုတ်ပါဘူး၊ ကျွန်တော် ဒီမှာရှိနေသရွေ့ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီကလပ်ကို နက်နက်ရှိုင်းရှိုင်း လေးစားပါတယ်" "ကျွန်တော် ဒီတံဆိပ်ကို ဝတ်ဆင်ထားသရွေ့တော့ အငှားနဲ့ ထွက်တာ ဒါမှမဟုတ် ပြောင်းရွှေ့တာမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ မရှိပါဘူး"ဆိုပြီး အတည်ပြုလိုက်တာပါ။ ဆွန်ဟောင်မင်ရဲ့ ဒီလိုပြောကြားချက်ဟာ သူ့အနေနဲ့ လက်ရှိကလပ်အသင်းအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ထားကြောင်း ဖော်ပြနေတာလည်း ဖြစ်ပြီး သူ့ရဲ့ ပရိတ်သတ်တွေအနေနဲ့ကတော့ ကစားသမားကို ဥရောပမှာ ပြန်လည်မြင်တွေ့ရမယ့် အခွင်အရေးမရှိသေးတာဖြစ်ပါတယ်။